ဘူး

မြင်းရည်တက်ဦးသာ

၂၀၁၀ ခုနှစ် မတ်လ (၂၉) ရက်နေ့ NLD ရဲ့ ဗဟိုဦးစီးအဖွဲ့အစည်းအဝေးက နအဖရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဥပဒေအမှတ် ၂/၂၀၁၀ ဟာ မတရားတဲ့ အမိန့်ဥပဒေတွေမို့ မှတ်ပုံမတင်ဘူးလို့ ကန့်ကွက်သူမရှိ တခဲ နက် အတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။ ဆိုလိုတဲ့ အခြားအဓိပ္ပာယ်သက်ရောက်မှုကတော့ တွေ့ဆုံဆွေးနွေးညှိနှိုင်း ခြင်းမရှိဘဲ နအဖက တဖက်သတ် ပြုလုပ်ကျင်းပတဲ့ နိုင်ငံရေးအကျဉ်းသား (၂၀၀၀) ကျော်ရဲ့ ပါဝင်ပတ်သက်မှု ကို တားဆီးပိတ်ပင်ထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာမဟုတ်လို့ ကောက်ယူရမှာဖြစ်ပါတယ်။

တချို့လက်ချိုးရေလို့ရတဲ့ အနည်းငယ်သော လူပုဂ္ဂိုလ်တချို့ကလွဲပြီး မြန်မာ့နိုင်ငံရေးစာမျက်နှာမှာ ပါဝင်ပတ် သက်နေကြသူများက NLD ရဲ့ လုပ်ရပ်ကို ကြိုဆိုကြပါတယ်။ ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုကဆို ရင် NLD ဒီလိုဆုံးဖြတ်ရတာနဲ့ ပတ်သက်ပြီး နားလည်သဘောပေါက်ပါတယ်လို့ သံတမန်ဆန်ဆန် ထောက် ခံလာကြပါတယ်။
ဘယ်သူတွေက ဘယ်လောက်ကန့်ကွက် ကန့်ကွက်။ ပြည်သူတွေက ဘယ်လောက်ပဲ ရှုတ်ချ ရှုတ်ချ နအဖက တော့ “သူ့မြင်းသူစိုင်း စစ်ကိုင်းရောက်ရောက်” ဆိုသလို ရွေးကောက်ပွဲကို တဖတ်သက်ကျင်းပပြီး ၂၀၀၈ အ ခြေခံဥပဒေကို အကောင်အထည်ဖော်ဖို့ လုပ်မှာပါပဲ။ သည်လိုအချိန်မှာ ဒီမိုကရေစီအင်အားစုနဲ့ ပြည်သူလူထု ကြီးကို စိန်ခေါ်တဲ့ မေးခွန်းက “ကောင်းပြီ။ ဒီလိုအခြေအနေမှာ ဘာတွေလုပ်ကြမလဲ” ဆိုတာပါပဲ။

လုပ်ရမယ့်အလုပ်တွေကို စီလိုက်ရင် ချရေးလို့ကုန်မယ်မဟုတ်ပါ။ ရေတိုလုပ်ငန်း၊ ရေရှည်လုပ်ငန်း ပိုင်းခြားကြ ရပါမယ်။ ဆိုင်ရာဆိုင်ရာ တာဝန်ခွဲဝေကြရပါမယ်။ ဦးစားပေးလုပ်ငန်းများကို နယ်ပယ်အလိုက် ကဏ္ဍအလိုက် သတ်မှတ်ကြရပါမယ်။ ဒါပေမယ့် ဘာတွေပဲ စီမံချက်ဆွဲဆွဲ၊ တတ်နိုင်သလောက် လုပ်လုပ် ပြည်သူလူထုထဲမှာ မရှိရင်၊ လူထုလုပ်ငန်းစဉ်မရှိရင်၊ လူထုခွန်အားကို မကိုးစားပဲ လူနည်းစုတစုရဲ့ ထင်ရာမြင်ရာလုပ်ငန်းတွေသာ ဖြစ်နေရင် ဘာမှဖြစ်လာမှာမဟုတ်ပါ၊ အနှစ် (၂၀) သမိုင်းရဲ့ အမှားအယွင်းတွေကို သင်ခန်းစာယူရမှာဖြစ်ပါ တယ်။

ပြည်သူလူထုပါဝင်နိုင်တဲ့ နအဖစစ်အုပ်စုကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ ရေတိုသာမက ရေရှည်သ ဘောဆောင်တဲ့ ကိုယ့်ဘက်က အကျအဆုံး နည်းပါးပြီး ရန်သူ့ဘက်က အဆုံးအရှုံးများစေတဲ့ နည်းနာမျိုးကို အဓိကဦးစားပေးပြီး လုပ်ဆောင်ဖို့ လိုပါတယ်၊ လက်တွေ၌ကျတဲ့ တိုက်ပွဲကပေးလာတဲ့ အောင်ပွဲအသီးအပွင့် တွေကို လက်တွေ့ဆွတ်ယူစားသုံးနိုင်တာကြောင့် ပြည်သူလူထုရဲ့ အကြောက်တရားတွေကို တစထက်တစ လျော့ပါးလာစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးပွားလာရာကတဆင့် ပိုမိုပြင်းထန်တဲ့ တိုက်ပွဲတွေကို ပေး အပ်လာတဲ့ အခြေအနေအရပ်ရပ်အပေါ်မှာ မူတည်ပြီး တိုးလို့တိုက်ပွဲဝင်သွားရမှာဖြစ်ပါတယ်။

အခြေခံကျတဲ့ တိုက်ပွဲသေနင်္ဂဗျူဟာက ရှင်းပါတယ်။ ၂၀၀၈ အခြေခံဥပဒေအပါအ၀င် ယုတ်စွအဆုံး ၂/၂၀၁၀ ကနေ ၅/၂၀၁၀ အထိ နအဖရဲ့ အမိန့်အာဏာတွေဟာ မတရားတဲ့ အမိန့်အာဏာများဖြစ်ပါတယ်။ ဘာ့ကြောင့် နအဖက သည်လိုလက်ရဲဇက်ရဲ မတရားတဲ့ ဖိနှိပ်တဲ့ အမိန့်အာဏာတွေကို ထုတ်ပြန်ရဲတာလဲ။ ပြည်သူတွေရဲ့ အကြောက်တရားကို သူတို့စမ်းမိနေလို့ပါ။ ပြည်သူတွေက သူတို့ကို မကြောက်တော့ဘူးဆိုတာ သိလာရင် …

ပြည်သူတွေက မကြောက်ဘူးဆိုတာ သူတို့ကို ဘယ်လိုအသိပေးရမလဲ၊ အမှန်က သဘာဝက ပြည်သူဆိုတာ အနန္တစွမ်းအားရှင်ပါ၊ သူရဲကောင်းပါ၊ မကြောက်တတ်ပါ၊ ကြောက်ရမယ်လို့ ယူဆထားတဲ့ အစဉ်အလာသဘော လှုံ့ဆော်စိတ်က ပြည်သူတွေကို ကြောက်တတ်သူများလို့ ယူဆစေတာဖြစ်ပါတယ်။ သည်အစဉ်အလာ တွေး တောစိတ်ကို ဖယ်ရှားနိုင်တဲ့နည်းကတော့ “ရေကြောင့်ဖြစ်တဲ့ အညစ်အကြေးကို ရေဖြင့်သာ ဆေးကြောရာ၏” လို့ ဆိုသလို အကြောက်တရားကို အကြောက်တရားနဲ့ပဲ ဖယ်ရှားရမှာဖြစ်ပါတယ်။ “မလွတ်လပ်မှာကို ကြောက် တဲ့ အကြောက်တရားနဲ့သာ စစ်အာဏာရှင်ကို ကြောက်တဲ့ အကြောက်တရားကို ဖယ်ရှားဖို့ဖြစ်ပါတယ်”။

ဆုံးဖြတ်မှု၊ ပိုင်းဖြတ်မှုရှိသူတွေဟာ ကြောက်ပေမယ့် အကြောက်နည်းကြပါတယ်။ သူတို့က ပြည်သူလူထုကြီး ကိုလမ်းပြပြီး မတရားတဲ့ အမိန့်အာဏာမှန်သမျှ တာဝန်အရဖီဆန်ရမယ့် တိုက်ပွဲကို တိုက်ကြရမှာဖြစ်ပါတယ်။ သည်အာဏာဖီဆန်ရေးတိုက်ပွဲကြီးရဲ့ ပထမဦးဆုံးခြေလှမ်းကတော့ ပြည်သူလူထုတရပ်လုံး ပါဝင်နိုင်တဲ့အပြင် အဆုံးအရှုံးနည်းပြီး အောင်မြင်မှုကြီးမားစေတဲ့ မပူးပေါင်းမဆောင်ရွက်ရေး “ဘူး” တိုက်ပွဲကြီး ဖြစ်ပါတယ်လို့ တင်ပြပါရစေ။

မြင်းရည်တက်ဦးသာ

No Response to "ဘူး"

Post a Comment

Powered by IIFH